Thursday, April 20, 2017
သောကသူဌေးမလေး
Monday, April 10, 2017
နှစ်မကူးခင်ဆုံပါရစေ
နှစ်မကူးခင်ဆုံပါရစေ...
****************
ပိတောက်ဖူးရင်ပြန်လာမယ်ဆိုလို့
မျှော်နေရင်းနဲ့လွမ်းရတဲ့ဘဝဆိုတာလည်း
သောကမုန်တိုင်းတွေနဲ့အတူပါပဲ ...
သူခူးလို့ပန်ပေးမယ်ဆိုလို့
မယ့်ကေသာဦးကို အစဉ်ထူးအောင်
ဆီလူးလို့ထားပါပေါ့
ပြန်လာခဲ့ပါတော့ ချစ်သူငဲ့ ...
တစ်နှစ်ကူးရင် အပြစ်စူးတွေကျေအောင်လို့
ဆံတော်ရှင်ထံပါးမှာ
အမောင့်အတွက်ရည်စူး
ပိတောက်ဖူးတွေ ကပ်ကာလှူထားတယ်
မယ့်လက်ဆယ်ဖြာ ယှက်ကာမိုးလို့
တောင်းဆုချွေတယ်
ဒီနှစ်မကူးခင်ဆုံပါရစေ ... ...
NgweThawdar
Tuesday, April 4, 2017
ကြွေချိန်
" ကြွေချိန် "
********
ဝေချိန်မှာ အတူရှိနေခဲ့ပေမယ့်
ကြွေချိန်မှာ ကိုယ်တစ်ယောက်တည်းပေမို့
အများတကာတွေ အပြစ်မြင်ကြသော်လည်း
အချစ်ပိုသူ မေ့သခင်တစ်ပါးကိုဖြင့်
အသက်ကိုပင် နှင်းအပ်ချစ်တာမို့
မြူတစ်မှုံပင် အပြစ်မမြင်တော့ပါဘူး
သခင်ရယ်....
မင်းပျော်နေခဲ့... ....
NgweThawdar
ကျွန်မကြောင့်
" ကျွန်မကြောင့် "
**********
ကျွန်မကြောင့်
မောင် ဆိုတဲ့နာမ်စားလေး
သူခေါ်ဝေါ်သုံးစွဲတတ်သွားတယ်...
ကျွန်မကြောင့်
အချစ်ဆိုတာ
ရယူခြင်းသက်သက်မဟုတ်တဲ့
ပေးဆပ်ခြင်းတွေထုံမွမ်းထားမှန်း
သူ သင်ယူလိုက်ရတယ်...
ကျွန်မကြောင့်
မျဉ်းပြိုင်တွေအကြောင်း
ဆန္ဒနဲ့ဘဝတွေ ထပ်တူမကျတတ်ကြောင်း
ဟန်ဆောင်မှုတွေအကြောင်း
အလွမ်းတွေနဲ့ စို့နင့်မြိုသိပ်မှုတွေအကြောင်း
သူ သင်ယူတတ်မြောက်ခဲ့ရလို့
ကျွန်မက သူ့အတွက်
#အချစ်အဘိဓမ္မာဆရာမကြီးပါတဲ့လေ....
ဩော်....
ခုတော့လည်း ပညာတွေစုံလို့
ရေကြည်ရာမြက်နုရာကို ထွက်ခွာသွားခဲ့ပြီပေါ့...
စိတ်ရှိသလောက်
လွတ်လပ်စွာပျံဝဲကြည့်လိုက်ပါ
ရင်ခုန်ဘက်ကိုလည်း တွေ့နိုင်ကောင်းပါရဲ့...
မောပန်းလို့ အတောင်ညောင်းလာတဲ့တစ်နေ့....
ပေးဆပ်ခြင်းရဲ့အနက် သူပိုသိလာတဲ့တစ်နေ့.....
ကိုယ့်ကိုခေါ်ခဲ့တဲ့ နာမ်စားလေးတစ်ခုအတွက်
သူ....နောင်တရနေမှာပါ.... .....
NgweThawdar
အခါး
" အခါး "
လူတိုင်းကိုယ်စီရှိကြတဲ့အတိတ်
ချိုတယ်ခါးတယ်
နဲနဲတော့ကွာမယ်ပေါ့
အပျော်အလွမ်း
သဏ္ဍန်လည်းကွဲချေမပေါ့ ...
လွမ်းစရာရှိတိုင်း နာစရာနဲ့ဖြေတဲ့အတိတ်
မနှင်းဆီအတိတ်တွေကျမှ
ဘာလို့များ တူးဆွနေချင်ကြပါသလဲ ...
အကြိမ်ကြိမ်အခါခါ ရှုံးခဲ့လို့
တစ်ခါလောက်လေး နိုင်ဖူးချင်တာ
မနှင်းဆီအပြစ်တွေ သိပ်ကြီးသွားသလား ...
ရိုးသားသူတိုင်း အလိမ်ခံရဘူးပါတယ်
ကိုယ့်ကျမှ နုံအလေခြင်းလို့
ပြစ်တင်မခံရသင့်ပါဘူး ...
ပိတ်ထားပြီးတဲ့ကန်လန့်ကာကို
ခဏခဏ လာမဖွင့်ကြပါနဲ့
အမှန်တရားတွေက
မနှင်းဆီအချစ်တွေလိုပဲ ခါးတယ် ... ....
Ngwethawdar
Tuesday, March 28, 2017
ဖြေသိမ့်ခြင်း
ဖြေသိမ့်ခြင်း....
********
ဝေဝေဝါးဝါးအိပ်မက်တွေကနေ
ယောင်ယောင်မှားမှား နိုးထလာရင်း
အိပ်မက်တွေကိုကြောက်လို့
နောက်တစ်ခါ ပြန်အိပ်ရမှာကို
ကြောက်နေမိတယ်
ချိုချိုခါးခါး ဘဝတွေလည်း
သန်းခေါင်ထက်နက်တဲ့ညတွေနဲ့
ကမ်းမမြင်တဲ့ပင်လယ်ထဲမှာ
ကူးခတ်နေခဲ့တယ်
ဖြော့တော့တဲ့နှုတ်ခမ်းတစ်စုံက
ချစ်ခြင်းမေတ္တာအကြောင်းပြောဖို့
ဆွံ့အနေခဲ့ပြီ
ပင်ပန်းလွန်နေတဲ့ နှလုံးသားက
သစ္စာတရားဆိုတဲ့အသံ
နားထောင်ရဲဖို့ သတ္တိတွေမရှိတော့ဘူး
ရက်စက်တဲ့ ပန်းခူးလက်တွေကြား
သေသေချာချာ ဖူးပွင့်ခွင့်မရလိုက်တဲ့ ပန်းလေးတွေ
ဤကမ္ဘာမြေမှာ ဝေးပါစေ .... ....
NgweThawdar
Wednesday, March 22, 2017
ဥယျာဉ်မှူးလိုလတစ်စင်း
ဥယျာဉ်မှူးလို လတစင်း
************
ကိုယ်ဟာဥယျာဉ်မှူးမို့
ပန်းတွေကိုဖန်ဆင်းတတ်တာ
အပြစ်ရှိသတဲ့လား •••
အဆင်းလှပြီး ရနံ့ကြွယ်တဲ့
ပန်းကလေးတွေဖြစ်ဖို့
ဘဝတစ်ခုလုံးမြှုပ်နှံထားခဲ့သူပါကွယ် •••
ပိုင်ရှင်အသစ်ဆီ လိုက်သွားလည်း
တားခွင့်မရှိသူက ဥယျာဉ်မှူးပါ •••
ကိုယ်ဟာလမင်းတစ်စင်းမို့
တစ်ပါးသူရင်ကို ငြိမ်းအေးစေတာ
အပြစ်ရှိသတဲ့လား••••
အချစ်ငတ်သူတွေအတွက်
ကိုယ့်အလင်းနဲ့အေးမြစေခဲ့ပါတယ် •••
တစ်ပါးသူတွေချမ်းမြေ့စေဖို့
ကိုယ်တိုင်လောင်ကျွမ်းခံခဲ့တဲ့
လတစ်စင်းရဲ့ ချစ်ခြင်း
အပြစ်ကင်းခဲ့ပါတယ်ကွယ်••• ••••
NgweThawdar
ငါ့ရဲ့ကဗျာ
" ငါ့ရဲ့ကဗျာ "
♡♡♡♡♡
သစ်ရွက်လေးတွေလှုတ်တာ ရီမိတဲ့နေ့မှာ
ငါနဲ့ကဗျာ စတွေ့ခဲ့ကြတယ် •••
ခင်မင်ရင်းနှီးလာတော့
ပန်းကလေးတွေ လိပ်ပြာလေးတွေနဲ့
ငါ မိတ်ဆက်ပေးခဲ့တယ် •••
ငါ့ကဗျာလေးကို
တက္ကသီလာ မြကျွန်းသာရဲ့
နှလုံးသားတွေနဲ့ ရင်းနှီးစေခဲ့တယ် •••
အဓိပတိလမ်းနဲ့ ပုဂံလမ်းကို
ခေါက်တုန့်ခေါက်ပြန်
RC မှာအပန်းဖြေခိုင်းပြီး
ချစ်သူလမ်းကြားလေးကတစ်ဆင့်
ဂျပ်ဆင်ထိပ်က လရိပ်ကလေးကို
ခံစားခွင့်ပေးခဲ့တယ် •••
အင်းလျားကန်ဘောင်က ခုံတန်းလေးတွေမှာ
ငါနဲ့ကဗျာ အမြဲတပူးတွဲတွဲပါပဲ •••
ငါတို့အချစ်အကြောင်းတွေ
အများကြီးရေးစပ်ကြတယ်
မောင်စိန်ဝင်းနဲ့ချစ်ဦးညို
လယ်တွင်းသားနဲ့ကြည်အေး
ဘယ်သူ့ပိုချစ်သလဲလို့ အကြိမ်ကြိမ်ငြင်းခုန်ရင်း
နွေတစ်ရက်ကစ
ငါနဲ့ကဗျာ ဆယ်စုနှစ်တစ်စုလောက်
ဝေးကွာခဲ့ကြတယ် ••••
မှတ်မှတ်ရရ ငါနဲ့ကဗျာပြန်ဆုံကြတဲ့နေ့က
မိုးတွေ သည်းသည်းရွာနေတယ်
ငါနဲ့ကဗျာရဲ့မျက်ဝန်းမှာလည်း
မိုးရိပ်တွေဆင်နေခဲ့ပြီလေ •••
ငါမြတ်နိုးတဲ့ ငါ့ကဗျာလေးက
ငါ့ရင်ဘတ်နဲ့သီသမျှ မညည်းမငြူ
ငါ့နဲ့တူတူလွမ်းပေးခဲ့တယ် •••
ရာသီတွေပြောင်းလည်း
မပြောင်းလည်းတဲ့အလွမ်းတွေနဲ့
ငါနဲ့ငါ့ကဗျာ သစ္စာရှိရှိချစ်ကြတုန်းပဲ
ငါက ငါ့ကဗျာအပေါ်ရိုးသားသလို
ငါ့ကဗျာလေးကလည်း
ငါ့အပေါ် သိပ်သစ္စာရှိတယ် •••
တစ်နေ့နေ့ ....
ငါသေဆုံးသွားတဲ့အခါ
မင်တစ်အိုးနဲ့ ကလောင်တစ်ချောင်း
စက္ကူဖြူဖြူလေးတွေရယ်
ငါနဲ့ငါ့ကဗျာလေး နားဆင်ဖို့
ဂစ်တာအိုလေးရယ်
ငါနဲ့အတူထည့်ပေးလိုက်ပါ
သံသရာရဲ့ ဟိုမှာဘက်ကမ်းထိ
ငါနဲ့ငါ့ကဗျာ တေးသီဆိုရင်း
ကဗျာလေးတွေရေးနေဦးမယ် ••• ••••
NgweThawdar
ဝဋ်ရူး
" ဝဋ် ရူး "
ဝဋ်ကြွေးတွေ အကြေဆပ်ဖို့များ
ဟိုအဝေးကို သူလေပြေးရော့သလား
လေရူးပွေတဲ့နွေဦးလို
ရွက်ဝါကြွေမြေမှာခသလိုပ
တပေါင်းနွေ ပူပုံဆန်းတာက
ချစ်သူရယ်...
လွမ်းသူ့ရင်ရူး... ...
NgweThawdar
အပြုံးများ
* အပြုံးများ *
**********
လင်းခြင်းနေတဲ့ကောင်းကင်
ရုတ်တရက်အုံ့ဆိုင်းသွားတော့
နှလုံးသားကရုတ်တရက်ထခုန်တယ်
ငုပင်ကြီးကိုမော့ကြည့်တော့
ခပ်နွမ်းနွမ်းပြုံးပြနေရဲ့
ယဲ့ယဲ့အပြုံးနဲ့ နှုတ်ဆက်လှည့်အထွက်
ရေတမာပင်အောက်က
သူဖုန်းစားလေးရဲ့ခွက်
ကိုယ့်ခြေနဲ့တိုက်လိုက်မိတယ်
မျှော်လင့်ခြင်းမျက်ဝန်းတွေကို
ဘာသာမပြန်ပဲ
တစ်ထောင်တန်တစ်ရွက်
လှမ်းအထည့်မှာ
သူဖုန်းစားလေးရဲ့အပြုံး
မြန်မာပြည်ကြီးသူပိုင်သွားသလို
ကိုယ်သတိရသွားတယ်
ဒီလိုအပြုံးမျိုး
အချစ် သူဖုန်းစားတစ်ယောက်ရဲ့ခွက်ထဲ
ကိုယ့်နှလုံးသားလေး လှူခဲ့စဉ်က ... ....
NgweThawdar
Monday, March 20, 2017
မဆန်းပါဘူး
" မဆန်းပါဘူး .... "
နှစ်ယောက်တစ်ဘဝလို့ပြောခဲ့ပြီး
တစ်ယောက်တစ်ဘဝတောင် မသေချာမှတော့
မျက်ရည်တွေရေတံခွန်ဖြစ်တာ မဆန်းပါဘူး ....
နှစ်ယောက်လျှောက်မဲ့လမ်းလည်း
တစ်ယောက်တည်းလျှောက်နေရမှ
ပန်းခင်းလမ်းလည်း
မချောမွေ့နိုင်တာ မဆန်းပါဘူး ....
သစ္စာပြိုင်ရတုတွေ အတူတူစပ်ဆိုခဲ့လည်း
မလှပနိုင်တော့တဲ့နေ့တွေအတွက်
လွမ်းချင်းတွေ ရွတ်နေမိတာ မဆန်းပါဘူး ....
ကိုယ်စီပေးဆပ်ခဲ့ပေမယ့်
မပိုင်ဆိုင်နိုင်တဲ့ ဘဝတွေအတွက်
အတူတူ ကျောခိုင်းလိုက်ကြတာလည်း မဆန်းပါဘူး ....
....................ပေမယ့်
.....................ကြောင့်
......................ရက်နဲ့
......................တာလည်း
မဆန်းပါဘူး .... မဆန်းပါဘူး ....
NgweThawdar
I don't want everything...
I don't want everything ....
မွန်းကျပ်လွန်းတဲ့နှလုံးသားက
မောင် ဆိုတဲ့စကားလေးတစ်ခွန်းကလွဲ
ဘာသံမှမထွက်လာတော့ဘူး....
မင်းသားနဲ့မင်းသမီး
ကွဲသွားမှကြိုယ်တယ်လို့
ဒီလိုဝထ္တုမျိုး
ကျွန်မဘယ်တော့မှမရေးတော့ဘူး....
တကယ့်ဘဝထဲကအလွမ်းတွေ
ကျွန်မကြည့်ဖြစ်မယ် မထင်တော့ဘူး....
အသဲကွဲသီချင်းတွေလည်း
ကျွန်မ မဆိုဖြစ်ချင်တော့ဘူး....
အသဲကွဲကဗျာမျိုး
ကျွန်မ မရေးချင်တော့ဘူး ....
ချစ်တတ်တဲ့စိတ်နဲ့
ငဲ့ညှာတတ်တဲ့ နှလုံးသားမျိုးလည်း
ကျွန်မ မပိုင်ဆိုင်ချင်တော့ဘူး
ဘာဆိုဘာမျှ ကျွန်မမလိုချင်တော့ပါဘူး ... ....
NgweThawdar
နှစ်ခါသေစေ...
" နှစ်ခါသေစေ ...."
အတိတ်မှာ နင်ထားခဲ့ချိန်က
ငါ့အကြောင်းနဲ့ငါ့ကံ
ရှိစေတော့ရယ်လို့
မေတ္တာမပျက်တဲ့ချစ်ခြင်းတွေနဲ့
နင်ပျော်စေကြောင်း
တိတ်တိတ်လေးဆုတောင်း
အလွမ်းတွေပါထပ်ပေါင်းလို့
ရင်နင့်အောင် ငိုခဲ့ဘူးတယ် ....
ဘဝတွေတစ်ကယ်ခြားပြီလို့
စိတ်ဘဝင်မငြိမ်းစရာ
အပူမီးတွေကြွခဲ့ပုံများ
အံကြိတ်လို့တောင့်ခံ
နှုတ်ခမ်းသွေးပါ
ကြွေခဲ့ဘူးတယ် ....
ချစ်သူရယ် ....
ကြမ္မာရယ် ရက်စက်ပုံများ
သူ့အမိန့်ကိုချလိုက်ပုံက
ငါ့ကိုလေ ...
ဒီဘဝတင် နှစ်ခါသေစေ!! ....တဲ့ ... ....
NgweThawdar
Sunday, March 19, 2017
နွေပန်းချီ
အချစ်လို့ သေချာစာလုံးမပေါင်းတတ်ခင်
အလွမ်းတွေနဲ့ နင့်သီးခဲ့ဖူးတယ်
ဒီလိုရာသီလေးပဲ
အဖြူအစိမ်းဝတ်မှာ
ပန်းပွားလွယ်အိတ်ဖြူဖြူလေးနဲ့
ကောင်မလေးတစ်ယောက်
နွေကြိုဥဩလေးနဲ့ သစ်ရွက်ကြွေလေးတွေ
ဖုန်ထူထူလမ်းလေးနဲ့ ပိတောက်ဝါတွေ
တဖြုတ်ဖြုတ်ကြွေခဲ့ သက္ကရာဇ်ဟောင်းတွေ
ရရန်ရှိတဲ့ နှောင်းချစ်ကြွေးတွေ
နွေနေပူမှာ စို့နင့်လာတဲ့မျက်ဝန်းတစ်စုံ
ဒါဟာသိပ်လှတဲ့ နွေပန်းချီတစ်ချပ်လို့ယုံ!
NgweThawdar
နွေအလွမ်း
" နွေအလွမ်း "
**********
ရွက်ဝါကြွေမြေမှာလူးသလို
ကိုယ့်သဲကြွေသည်နွေဦးမှာ
လေရူးကဇာတ်ပို့ပြန် ...
အကြောင်းရှာလေတော့
သည် လတပေါင်း
ပြောင်းပါလေတော့
သည်ဇာတ်ကြောင်း ...
ဥသြငယ် ဖော်ကွာဝေးတာက
သဲကျွမ်းပူ ရင်ကူးလာတာမို့
ကြားရသည်က သနားစရာ ...
ဘဝရယ်တူ စာနာမိပြန်တော့
မျက်ရည်ပူ နွေအပူထက်ကဲကာကျပြန်ပေါ့
ဂစ်တာအိုဆွဲကာ တေးသီမိတာက
ဥသြလေးနဲ့အတူလွမ်းတယ်...တဲ့ ... ....
NgweThawdar
အချစ်=အလွမ်း / အလွမ်း#အချစ်
အချစ်=အလွမ်း / အလွမ်း#အချစ်
ကဗျာတွေစာတွေမသီပဲ
တိတ်တိတ်လေးလွမ်းခဲ့ချိန်က
စိုစွတ်ခဲ့တဲ့မျက်ဝန်းတစ်စုံလည်း
သွေ့ခြောက်သွားပြီ ...
ပါးပြင်နှစ်ဖက်က မျက်ရည်မြစ်လည်း
ခန်းခြောက်သွားပြီ ...
ရပ်တန့်မရတဲ့ နှလုံးသွေးတွေတော့
ဆက်လက်စီးဆင်းနေမှာပေါ့ ...
မနှင်းဆီရဲ့အလွမ်းတွေလည်း
နှလုံးသွေးများနှင့်အတူ
စီးဆင်းနေမြဲပါပဲ ...
အချစ်ရှိလို့ အလွမ်းဖြစ်သော်ငြား
အလွမ်းဆိုတိုင်းတော့
အချစ်မမည်ပေဘူးပေါ့ ... ....
NgweThawdar
ကမ္ဘာမြေကြီးသို့ ...
ကမ္ဘာမြေကြီးသို့ ....
***********
မေ့နိုင်စွမ်းတဲ့သတ္တိတွေရဖို့
သံယောဇဉ်တွေကို ချခင်းလို့
နင်းပစ်ခဲ့တယ်
ကြုံတယ်ဆုံတယ်ဆိုတိုင်းတော့
လှုတ်ခတ်နေဖို့မလိုဘူးလေ
ဖြည်းဖြည်းခြင်းလည်တဲ့ ကမ္ဘာကြီးရယ်
အတိတ်တစ်ခြမ်း မြန်မြန်ဖျောက်ပါ
နေ့တွေကို အမှောင်ဖုံး
အမြဲတမ်းပဲ လသာပေးပါ
NgweThawdar
Friday, March 17, 2017
တစ်ကောင် တစ်ယောက် အလွမ်း
" တစ်ကောင် တစ်ယောက် အလွမ်း "
********************
မျက်နှာမသစ်ရသေးတဲ့
ငါ့ရဲ့နံနက်ခင်းတစ်ခုက
အလွမ်းပါးပါးတွေနဲ့စတင်တယ် ....
ဦးတည်ချက်မရှိ
ရောက်တတ်ရာရာအလွမ်းတွေက
စနစ်တကျတော့ရှိသား....
မနက်လေးနာရီ
နေ့လည်တစ်နာရီ
ညနေခြောက်နာရီ
အချိန်မှန်တွန်တဲ့ ဥဩလေးက
ငါ့ရဲ့လွမ်းဖော်အစစ်ပဲ ....
အလွမ်းရဲ့ပုံစံတွေစုံပေမယ့်
ငါနဲ့ဥဩလေးကတော့
ပုံစံတူ တစ်ကောင် တစ်ယောက် အလွမ်းတွေပဲ ....
ဥဩရယ်....
တို့ရဲ့ဘဝတွေက
လွမ်းဖို့သက်သက် ဖြစ်တည်ခဲ့ရင်တောင်
ဒီဘဝ ဒီခန္ဒာ အိုးစားမကွဲသရွေ့လေးပါပဲ
အပြစ်ကင်းတဲ့ တို့ချစ်ခြင်းတွေအတွက်
သံသရာပြတ်ဖို့
ကံကြမ္မာ ဆက်ဆက် ကူပါလိမ့်မကွဲ့
ခုတော့ ခပ်ပါးပါးပဲလွမ်းကြရအာင်... ....
NgweThawdar