" ငါ့ရဲ့ကဗျာ "
♡♡♡♡♡
သစ်ရွက်လေးတွေလှုတ်တာ ရီမိတဲ့နေ့မှာ
ငါနဲ့ကဗျာ စတွေ့ခဲ့ကြတယ် •••
ခင်မင်ရင်းနှီးလာတော့
ပန်းကလေးတွေ လိပ်ပြာလေးတွေနဲ့
ငါ မိတ်ဆက်ပေးခဲ့တယ် •••
ငါ့ကဗျာလေးကို
တက္ကသီလာ မြကျွန်းသာရဲ့
နှလုံးသားတွေနဲ့ ရင်းနှီးစေခဲ့တယ် •••
အဓိပတိလမ်းနဲ့ ပုဂံလမ်းကို
ခေါက်တုန့်ခေါက်ပြန်
RC မှာအပန်းဖြေခိုင်းပြီး
ချစ်သူလမ်းကြားလေးကတစ်ဆင့်
ဂျပ်ဆင်ထိပ်က လရိပ်ကလေးကို
ခံစားခွင့်ပေးခဲ့တယ် •••
အင်းလျားကန်ဘောင်က ခုံတန်းလေးတွေမှာ
ငါနဲ့ကဗျာ အမြဲတပူးတွဲတွဲပါပဲ •••
ငါတို့အချစ်အကြောင်းတွေ
အများကြီးရေးစပ်ကြတယ်
မောင်စိန်ဝင်းနဲ့ချစ်ဦးညို
လယ်တွင်းသားနဲ့ကြည်အေး
ဘယ်သူ့ပိုချစ်သလဲလို့ အကြိမ်ကြိမ်ငြင်းခုန်ရင်း
နွေတစ်ရက်ကစ
ငါနဲ့ကဗျာ ဆယ်စုနှစ်တစ်စုလောက်
ဝေးကွာခဲ့ကြတယ် ••••
မှတ်မှတ်ရရ ငါနဲ့ကဗျာပြန်ဆုံကြတဲ့နေ့က
မိုးတွေ သည်းသည်းရွာနေတယ်
ငါနဲ့ကဗျာရဲ့မျက်ဝန်းမှာလည်း
မိုးရိပ်တွေဆင်နေခဲ့ပြီလေ •••
ငါမြတ်နိုးတဲ့ ငါ့ကဗျာလေးက
ငါ့ရင်ဘတ်နဲ့သီသမျှ မညည်းမငြူ
ငါ့နဲ့တူတူလွမ်းပေးခဲ့တယ် •••
ရာသီတွေပြောင်းလည်း
မပြောင်းလည်းတဲ့အလွမ်းတွေနဲ့
ငါနဲ့ငါ့ကဗျာ သစ္စာရှိရှိချစ်ကြတုန်းပဲ
ငါက ငါ့ကဗျာအပေါ်ရိုးသားသလို
ငါ့ကဗျာလေးကလည်း
ငါ့အပေါ် သိပ်သစ္စာရှိတယ် •••
တစ်နေ့နေ့ ....
ငါသေဆုံးသွားတဲ့အခါ
မင်တစ်အိုးနဲ့ ကလောင်တစ်ချောင်း
စက္ကူဖြူဖြူလေးတွေရယ်
ငါနဲ့ငါ့ကဗျာလေး နားဆင်ဖို့
ဂစ်တာအိုလေးရယ်
ငါနဲ့အတူထည့်ပေးလိုက်ပါ
သံသရာရဲ့ ဟိုမှာဘက်ကမ်းထိ
ငါနဲ့ငါ့ကဗျာ တေးသီဆိုရင်း
ကဗျာလေးတွေရေးနေဦးမယ် ••• ••••
NgweThawdar
No comments:
Post a Comment